နည်းပညာဆိုင်ရာသတင်းများ

Microsoft ကော်ပိုရေးရှင်းက Windows၊ Office၊ Internet Explorer နှင့် Active X Development Tools များ၏ အားနည်းချက် များကို ပြင်ဆင်ပေးမည့် ဖြည့်စွက်မှု (၂၈) ခုပါ Patch တစ်ခုကို ဒီဇင်ဘာလ (၉) ရက်နေ့က ထုတ်ပေး လိုက်ပြီဟု သိရှိ ရသည်။ Microsoft အနေ နှင့် အားနည်းမှု များ ရှိနေ သည်ဟု ဝေဖန်မှု များ ထွက်ပေါ် နေသော ၎င်း၏ ထုတ်ကုန် အချို့ အတွက် လိုအပ်ချက် တိုင်းနီးပါး အား ဖြေရှင်း ပေးထား သော အဆိုပါ Patch ကို ထုတ်ဝေ လိုက်ခြင်း ဖြင့် သုံးစွဲ သူများ၏ ယုံကြည်မှုကို ပြန်လည် ရရှိစေရန် ကြိုးပမ်း လာခဲ့သည်။
လစဉ်လတိုင်း Patch အသစ်များ ထုတ်ပေးတတ်သည့် Microsoft ၏ ၀န်ဆောင်မှုအနက် ယခု Patch သည် အကောင်းမွန်ဆုံး ဖြစ်လာ နိုင်ကြောင်း ကျွမ်းကျင်သူများ က ဆိုသည်။ ဖြည့်စွက်မှု (၂၈) ခု ထည့်သွင်း ပေးထား သည့် အနက် (၂၃) ခုမှာ အားနည်းချက်များကို ပြုပြင် ဖာထေးရန် ဖြစ်ပြီး ကျန် (၅) ခုမှာ အဆင့်မြှင့်ရန် အတွက် ဖြစ်သည်။ SharePoint နှင့် Windows Media ပရိသတ်များ အတွက်လည်း ယခု ဖြည့်စွက်မှု များက အကြုံးဝင် မည်ဟု Microsoft က ဆိုသည်။
IT နည်းပညာ အကဲခတ်ပုဂ္ဂိုလ်များက Microsoft ၏ ယခုထုတ်ဝေသော Update Patch သည် လုပ်သင့် လုပ်ထိုက် သည်များ အား အကောင်းဆုံး ဆောင်ရွက် ပေးထားကြောင်း ၀န်ခံ ချီးကျူး ခဲ့ကြသည်။ Microsoft အနေနှင့် နောက်ဆုံး Patch ကို စက်တင်ဘာလ ကမှ ထုတ်ပေး ထားခဲ့ သေးသည်။ ကော်ပိုရေးရှင်း က ကြေငြာ ခဲ့ရာတွင် ၎င်းတို့ ၏ ထုတ်ကုန်များ တွင် ပါဝင် နေသည့် အားနည်းချက်များ အတွက် အသုံးပြု သူများ စိတ်ကျေနပ် စေရန် အကောင်းဆုံး ၀န်ဆောင်မှုများ ဖြည့်စွက် ပေးသွား ဦးမည် ဟု ကတိပြု ထားသည်။

 









ပြည်တွင်းဈေးကွက် ပစ္စည်းပြတ်သည်အထိ အိုင်ပက်ဒ်အရောင်းသွက်
 
အက်ပဲလ် (Apple) ကုမ္ပဏီက ဧပြီလဆန်းတွင် စတင်ဈေးကွက်တင်ရောင်းချလိုက်သည့် အိုင်ပက်ဒ် (iPad) ကို ပြည်တွင်းဈေးကွက်တွင်လည်း ကွန်ပျူတာဆိုင်အချို့က တင်သွင်းရောင်းချခဲ့ရာ ပစ္စည်းပြတ်လပ်သည်အထိပင် အရောင်းသွက်ခဲ့ကြောင်း ရန်ကုန်မြို့ရှိ ကွန်ပျူတာအရောင်းဆိုင်အချို့မှ တာဝန်ရှိသူများကပြောကြားသည်။
Lucky Bird ကွန်ပျူတာအရောင်းပြခန်းမှ ဒါရိုက်တာဒေါ်မေဖြူသွယ်က “ပစ္စည်းသစ်ဆိုတော့ ဈေးကွက်စမ်းသပ်တဲ့အနေနဲ့ ၂၅ လုံးလောက်ပဲ မေလဆန်းလောက်က အမေရိကားကသွင်းလာတာ။ တစ်ပတ်အတွင်း ၁၀ လုံးလောက်ကို ရောင်းလိုက်ရတယ်” ဟုပြောသည်။ ထို့အတူ Technoland ကွန်ပျူတာဆိုင်တွင်လည်း ဈေးကွက်စမ်းသပ်သည့်အနေဖြင့် အိုင်ပက်ဒ်ငါးလုံးကို ပြီးခဲ့သည့်မေလဆန်းတွင် စတင်ရောင်းချခဲ့ရာ တစ်ပတ်အတွင်း အကုန်ရောင်းချခဲ့ရကြောင်း ထိုပြခန်းမန်နေဂျာ ဒေါ်သပြေအောင်က ဆိုသည်။ “ဈေးကွက်ကိုကြည့်ရသလောက် တော်တော့ကိုအလားအလာရှိနေတယ်။ ဒါ့ကြောင့်ဒီလထဲမှာ ပစ္စည်းထပ်သွင်းနိုင်ဖို့လုပ်နေတယ်။ အရေအတွက် ဘယ်လောက်ထပ်သွင်းမလဲဆိုတာ ဆွေးနွေးနေပါတယ်” ဟု ၎င်းကပြောသည်။ ပြည်တွင်းဈေးကွက်တွင် အိုင်ပက်ဒ်ဝယ်ယူသူအများစုမှာ လူငယ်များဖြစ်ပြီး နည်းပညာအသစ်အဆန်း တစ်ခုအနေဖြင့် စိတ်ဝင်စားကြခြင်းဖြစ်ကြောင်း၊ အိုင်ပက်ဒ်ကို မရှိမဖြစ်အသုံးပြုရမည့် အရာဝတ္ထုတစ်ခုအဖြစ်ထက် ဒုတိယကွန်ပျူတာအနေဖြင့် အသုံးပြုကြခြင်းကြောင့် နုတ်ဘွတ်ခ်၊ နက်ဘွတ်ခ်များ၏ ရောင်းအားအပေါ်တွင် ထိခိုက်ခြင်းမရှိနိုင်ကြောင်းသိရသည်။ ထိုအိုင်ပက်ဒ်များတွင် လော့ခ်ဖြစ်နေသည်ကို Jail Break ပြုလုပ်၍ အလွယ်တကူလော့ခ်ဖြေအသုံးပြုနိုင်ပြီး ဆိုင်များအနေဖြင့်လည်း Jail Break ပြုလုပ်ရောင်းချပေးလျက်ရှိသည်။ ပြည်တွင်းကွန်ရက် ချိတ်ဆက်မှုအနေအထားအရ သရီးဂျီအိုင်ပက်ဒ်များထက် ၀ါယာလက်စ်နှင့် ဘလူးတုသ်ပါဝင်သည့် အိုင်ပက်ဒ်များကိုသာ ပိုမိုစိတ်ဝင်စားကြကြောင်း ကွန်ပျူတာဆိုင်များကဆိုသည်။ 16GB, 32GB နှင့် 64 GB ဟူ၍သုံးမျိုးခွဲခြားထားသည့် အိုင်ပက်ဒ်များကို တင်သွင်းရောင်းချသည့်ဆိုင်အလိုက် ဈေးနှုန်းကွာခြားမှုအနည်းငယ်ဖြစ်ပေါ်လျက်ရှိပြီး ဈေးနှုန်းမှာ ကျပ်ခြောက်သိန်းဝန်းကျင်မှ ၁၀ သိန်းဝန်းကျင်အတွင်း ရောင်းချလျက်ရှိကြသည်။ မေလကုန်အထိ ကမ္ဘာတစ်ဝှန်းတွင် အိုင်ပက်ဒ်အလုံးရေနှစ်သန်း ရောင်းချခဲ့ပြီးဖြစ်သည်။